Breadboard ဆိုတာဘာလဲ

Breadboard ဆိုတာ ယာယီလျှပ်စစ်ဆားကစ်ပတ်လမ်း လုပ်မယ့်အချိန်တွေ၊ prototype နမူနာပုံကြမ်း တွေလုပ်တဲ့နေရာ တွေမှာအရမ်းအသုံး၀င်တဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်းကို တစ်ချို့ကတော့ Project board တစ်ချို့ကတော့ Prototyping board အမျိုးမျိုးခေါ်ဆိုကြပါတယ်။

လျှပ်စစ်ဆားကစ်ပတ်လမ်း တည်ဆောက်ရာမှာ ခဲဆော်ဖို့ (Soldering) လုံး၀မလိုအပ်ပဲ ဆားကစ်ပတ်လမ်းတွေကို အလွယ်တကူ လျင်လျင်မြန်မြန် ချိတ်ဆက်ဖြုတ်တပ်နိုင်ပါတယ်။ Printed Circuit Board (PCB) ပေါ်မှာ ခဲအသေဆော်ပြီး ပစ္စည်းမတပ်ခင်အချိန်မှာ Breadboard နဲ့ အရင်ဆုံး နမူနာပုံကြမ်းထုတ် စမ်းသပ်ကြပါတယ်။ Breadboard မှာ pin အပေါက် သေးသေးလေးတွေ ပါ၀င်ပြီး ၀ါယာကြိုးတွေ၊ IC Chip တွေ၊ pin တွေ၊ LED မီးသီးတွေ၊ switch တွေ၊ resistor တွေ၊ အီလက်ထရောနစ် အစိတ်အပိုင်းမျိုးစုံသေးသေးလေးတွေ ကို breadboard ရဲ့ pin အပေါက် ထဲစိုက်ပြီး ခဏခဏ တပ်လိုက်ဖြုတ်လိုက် အသုံးပြုနိုင်ပါတယ်။ DIY အီလက်ထရောနစ်ပစ္စည်းတွေထဲမှာ မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။

သင်ဟာ အီလက်ထရောနစ်ပရောဂျက်တွေ ကို အခုမှ စတင်ပြုလုပ်မယ့်သူ Beginner ဆိုရင် Breadboard ကို မဖြစ်မနေဆောင်ထားသင့်ပါတယ်။ Breadboard မှာလည်း အရွယ်အစား ၊ အမျိုးအစား၊ အရည်အသွေးမျိုးစုံ ရှိပြီး ပုံမှန် အားဖြင့် ‘full size’ breadboard (စုစုပေါင်း pin အပေါက် ၈၃၀ – ၈၄၀ ၀န်းကျင်ပါ၀င်) နဲ့ ‘half size’ breadboard (pin ပေါက် ၄၀၀ ၀န်းကျင်) တို့ကို အသုံးများကြပါတယ်။ ဒီထက်ပိုပြီးအဆင်မြင့်တဲ့ဟာ၊ pin ထိုးလို့ရတဲ့အရေအတွက်များတဲ့ဟာ၊ function ပိုများတဲ့ဟာ သုံးချင်ရင် တော့ Advanced Solderless Breadboard လိုမျိုး Breadboard အကြီးကို သုံးလို့ရပါတယ်။ Breadboard မှာလည်း အရွယ်အစားမျိုးစုံ၊ Quality မျိုးစုံ၊ function မျိုးစုံ ရှိပါတယ်။

ပထမပုံ (ပုံ-၁) ထဲက Breadboard အမျိုးအစားက ‘Full size’ breadboard အမျိုးအစားဖြစ်ပြီး breadboard ကို စ၀ယ်သုံးမယ့်သူတွေအတွက် သင့်တော်ပါတယ်။ Breadboard ရဲ့ body ကို များသောဖြင့် plastic တို့ ABS တို့နဲ့တည်ဆောက်ထားပါတယ်။ Quality ပေါ်မူတည်ပြီး body အမျိုးအစားလည်းပြောင်းလဲနိင်ပါတယ်။

‘Full size’ Breadboard ရဲ့နောက်ကျောက ကပ်ခွာလုပ်လို့ရတဲ့ တိပ်မျက်နှာပြင် (ပုံ – ၆ ) ကို ခွာကြည့်လိုက်ရင် အထဲမှာ လျှပ်ကူးတဲ့ Clip တန်းလေးတွေ အများကြီးပါ၀င်တာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ လျှပ်ကူး clip လေးတွေ (ပုံ ၈ မှ ပုံ ၁၁) ကြောင့် လျှပ်စစ်ဆားကစ်ပတ်လမ်း ဖြစ်အောင်လုပ်လို့ရတာဖြစ်ပါတယ်။ Clip တည်ဆောက်ပုံကလည်း ပုံထဲက အတိုင်းပါပဲ။ အလျားလိုက် အချင်းချင်းဆက်သွယ်ထားတဲ့ pin အပေါက် ၅ ပေါက်တန်းလေးတွေ Horizontal Holes နဲ့ ဒေါင်လိုက် ဆက်ထားတဲ့ pin အပေါက် ၂၅ ပေါက်တန်း သို့မဟုတ် pin အပေါက် ၅၀ တန်း Vertical Holes ဆိုပြီး Clip တန်း နှစ်မျိုးပါ၀င်ပါတယ်။ Quality ပေါ်မူတည်ပြီး Clip ရဲ့ အရည်အသွေးတွေ ကွဲပြားနိုင်ပါတယ်။ (မှတ်ရန် – Breadboard အမျိုးအစားပေါ်မူတည်ပြီး ပါ၀င်တဲ့ pin အရေအတွက်ပြောင်းလဲနိုင်ပါတယ်)

Horizontal Holes ပုံစံ pin ၅ ပေါက်တန်း က နှစ်ဖက်ရှိပြီး၊ တစ်ဖက် နဲ့ တစ်ဖက် ကြားမှာ clip အချင်းချင်းဆက်သွယ်မှု connection လုံး၀မရှိပါဘူး။ ကြားထဲမှာ divider ပါပါတယ်။ IC Chip တွေလိုမျိုး အီလက်ထရောနစ် အစိတ်အပိုင်းတွေကို Breadboard ပေါ်မှာ လာစိုက်သုံးရင် divider နေရာနားမှာ စိုက်သုံးတာ အဆင်ပြေပါတယ်။

Breadboard အများစုမှာ အက္ခရာတွေ၊ ဂဏန်းတွေ၊ အပေါင်းအနုတ် သင်္ကေတတွေ စတဲ့အမှတ်အသား Label တွေပါ၀င်ပါတယ်။ ဆားကစ်ပတ်လမ်းလုပ်ရင် လွယ်ကူအောင်၊ မိမိစိုက်ထားတဲ့ pin နေရာကို အလွယ်တကူ ရှာလို့ရအောင် ဆိုပြီး အမှတ်အသားလေးတွေလုပ်ထားပေးတာပဲဖြစ်ပါတယ်။

အဓိကသိရမှာက Breadboard မှာပါတဲ့ အလျားလိုက် Pin ပေါက် နဲ့ ဒေါင်လိုက် Pin ပေါက်တွေ ရဲ့ connection ချိတ်ဆက်မှုပဲဖြစ်ပါတယ်။ အဲ့တာကို သိရင် မိမိကြိုက်သလို Breadboard ကို အသုံးချနိုင်ပါတယ်။

×